ပါတီ၏သဘောထား
တိုင်းရင်းသား လူမျိုးများနှင့် ပတ်သက်သော သဘောထား။ ပြည်ထောင်စု မြန်မာနိုင်ငံ၌ မှီတင်းနေထိုင်ကြသော တိုင်းရင်းသား လူမျိုးတစ်ရာကျော်ရှိပေရာ ထိုတိုင်းရင်းသား လူမျိုးအားလုံးသည် နိုင်ငံတော်အာဏာ၏ မူလပိုင်ရှင် အစစ်အမှန်များဖြစ်သည်နှင့်အညီ နိုင်ငံတော် တည်ငြိမ်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီ ထွန်းကားရေးတို့အတွက် အတူတကွ ချစ်ကြည်စွာ လက်တွဲထူထောင် တည်ဆောက်သွားကြရမည့် အရင်းချာဆုံးသော သွေးချင်းသားချင်းများပင် ဖြစ်သည်။ ထိုတိုင်းရင်းသား လူမျိုးအသီးသီး၏ ယဉ်ကျေးမှု၊ အနုပညာ အစဉ်အလာကောင်းများကို ထိန်းသိမ်းအားပေးသွားမည် ဖြစ်သည့်အပြင် တိုင်းရင်းသား လူမျိုး အချင်းချင်း စည်းလုံးညီညွတ်ရေး၊ အပြန်အလှန် ချစ်ကြည်လေးစားရေး၊ ရိုင်းပင်းကူညီရေးတို့ တိုးတက်ဖြစ်ထွန်းအောင်လည်း ကူညီဆောင်ရွက်သွားမည်။ အထူးသဖြင့် တိုးတက်ဖွံ့ဖြိုးမှု လိုအပ်နေသေးသည့် တိုင်းရင်းသားများ၏ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လမ်းပန်းဆက်သွယ်ရေးတို့ အပါအ၀င် လူမှုစီးပွားဘ၀ တိုးတက်ဖွံ့ဖြိုးစေရန် ကြိုးပမ်းဖြည့်ဆည်း ဆောင်ရွက်သွားမည်။
တောင်သူလယ်သမားများနှင့် ပတ်သက်သော သဘောထား။ ပြည်ထောင်စု မြန်မာနိုင်ငံ၏ လူဦးရေး အများစုသည် တောင်သူလယ်သမားများ ဖြစ်သည့်အပြင် လယ်ယာကုန်ထုတ်လုပ်မှုသည်လည်း နိုင်ငံတော်၏ စီးပွားရေးတွင် ကြီးမားသော ဦးဆောင်ကဏ္ဍမှ ပါဝင်လျက်ရှိသည်။ သို့ဖြစ်၍ တောင်သူလယ်သမားများကို နိုင်ငံ၏ အရေးပါသော အခြေခံလူတန်းစားအဖြစ် အလေးအနက် ခံယူ၍ "လယ်လုပ်သူ လယ်လုပ်ပိုင်ခွင့်" မှ အစပြု၍ တောင်သူလယ်သမားများ၏ အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်သည့် ဥပဒေများ အစဉ်ခေတ်မီ ပြည့်စုံနေစေရန် ပြဌာန်းနိုင်ရေး အားထုတ်ဆောင်ရွက်သွားမည်။ တောင်သူလယ်သမားများ စိုက်ပျိုးထုတ်လုပ်သည့် ကောက်ပဲသီးနှံများ သင့်တင့်မျှတသည့် အကျိုးအမြတ်ရရှိစေရန် ကူညီဆောင်ရွက်သွားမည်။ တောင်သူလယ်သမားများ၏ ကုန်သွယ်စီးပွား လွတ်လပ်ခွင့်များအတွက် အစဉ်ဦးတည် ကြိုးပမ်းသွားမည်။ ထို့ပြင် တောင်သူလယ်သမားများ၏ လူမှုစီးပွားဘ၀ ပိုမိုတိုးတက်စေရေးနှင့် စိုက်ပျိုးရေးစနစ် ခေတ်မီတိုးတက်ရေးကို ဘက်စုံမှ အားပေးကူညီသွားမည်။
အလုပ်သမားများနှင့် ပတ်သက်သော သဘောထား။ အလုပ်သမားများသည် နိုင်ငံတော်၏ အရေးပါသည့် အခြေခံလူတန်းစား ဖြစ်သည်နှင့်အညီ အလုပ်သမားများ၏ အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ရန် လိုအပ်သည့် ဥပဒေများကို အချိန်အခါနှင့်အညီ ပြည့်စုံကောင်းမွန်စွာ ပြဌာန်းနိုင်ရေးအတွက် အားထုတ်ဆောင်ရွက်သွားမည်။ အလုပ်သမားများ ထိုက်တန်သော လုပ်ခရရှိရေး၊ လုပ်ငန်းခွင် ဘေးကင်းရေး၊ သက်သာချောင်ချိရေး၊ အငြိမ်းစားယူချိန်တွင် စားဝတ်နေရေး အဆင်ပြေစွာ ရပ်တည်နိုင်ရေးတို့အတွက် ကြိုးပမ်းဆောင်ရွက်ပေးသွားမည်။ စက်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း အစဉ်အားပေး ပံ့ပိုးသွားမည်။
လူငယ်များနှင့် ပတ်သက်သော သဘောထား။ လူငယ်များသည် အနာဂတ်ကို ပိုင်ဆိုင်သူများ ဖြစ်၍ အနာဂတ်နိုင်ငံတော် တည်ငြိမ်အေးချမ်းစွာ ခေတ်မီဖွံ့ဖြိုးတိုးတက်ရေးမှာ ယနေ့လူငယ်များ၏ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်စပ်နေပေသည်။ သို့ဖြစ်၍ လူငယ်များဘ၀ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် အားပေးမြှင့်တင်သွားမည်။ လူငယ်များထဲမှ ထူးချွန်ထက်မြက်သော အသိပညာရှင်၊ အတတ်ပညာရှင်များ တိုးတက်များပြားစွာ ပေါ်ထွက်လာစေရန် အခြေအနေ၊ အခွင့်အလမ်းကောင်းများ ဖန်တီးပေးမည်။ လူငယ်တိုင်း အနိမ့်ဆုံးအဆင့် အခြေခံပညာ သင်ယူခွင့်ရရှိစေပြီး ခေတ်မီအတတ်ပညာ၊ ခေတ်မီနည်းပညာများ လက်လှမ်းမီ ဆည်းပူးခွင့် ရရှိစေရန်အတွက်လည်း အားပေးမြှင့်တင်သွားမည်။ လူငယ်များနှင့် ကျောင်းသားများဘ၀ သာယာရေး၊ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အားပေးကူညီသွားမည်။
အမျိုးသမီးများနှင့် ပတ်သက်သော သဘောထား။ မြန်မာနိုင်ငံ၏ လူဦးရေတွင် အများစုမှာ အမျိုးသမီးများဖြစ်ရာ အမျိုးသမီးများဘ၀ လုံခြုံရေး၊ ဖွံ့ဖြိုးတိုးတက်ရေးသည် မရှိမဖြစ် လိုအပ်ချက်ဖြစ်သည်။ သို့ဖြစ်၍ အမျိုးသမီးများဘ၀ လုံခြုံရေးကို ရှေးရှု၍ လိုအပ်သော ဥပဒေများကို ပြဌာန်းနိုင်ရေးအတွက် အစဉ်အားထုတ် ဖော်ဆောင်သွားမည်။ အမျိုးသမီးများ ပညာသင်ကြားရေး၊ ကျန်းမာရေးနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရေးတို့အတွက် ဘက်စုံကဏ္ဍမှ အားပေးကူညီသွားမည်။
တပ်မတော်နှင့်တပ်သက်သော သဘောထား။ တပ်မတော်သည် အမျိုးသားလွတ်မြောက်ရေး တိုက်ပွဲအတွင်းမှ တိုင်းရင်းသား မိဘပြည်သူများ၏ ရင်းသွေးများဖြင့် ဖွဲ့စည်းပေါ်ပေါက်လာခဲ့ပြီး နယ်ချဲ့နှင့် ဖက်ဆစ်ရန်ကို တွန်းလှန်ကာ ပြည်တွင်းဆူပူ သောင်းကျန်းမှု အန္တရာယ်မှလည်း အသက်ပေးကာကွယ် စောင့်ရှောက်ခဲ့သော တိုင်းချစ်ပြည်ချစ်၊ မျိုးချစ်အင်အားစုကြီး ဖြစ်သည်ကို လေးစားစွာ အသိအမှတ်ပြုသည်။ တပ်မတော်သည် မြန်မာနိုင်ငံ၏ အမျိုးသားနိုင်ငံရေး ဦးဆောင်မှုအခန်းကဏ္ဍတွင် ပါတီနှင့်အတူ ဦးထမ်းပဲ့ထမ်း လက်တွဲသွားကြရမည့် အမျိုးသား ကာကွယ်ရေး အင်အားစုကြီးလည်း ဖြစ်သည်။ ထို့ကြောင့် တပ်မတော် အင်အားရှိမှ တိုင်းပြည်အင်အားရှိမည်ဟူသော ခံယူချက်ဖြင့် နိုင်ငံတော်ကို ကာကွယ်နိုင်စွမ်းရှိသည့် ခေတ်မီတပ်မတော်ကြီးဖြစ်ရန် အတတ်နိုင်ဆုံး အားပေးကူညီသွားမည်။
နိုင်ငံ့ဝန်ထမ်းများနှင့် ပတ်သက်သော သဘောထား။ နိုင်ငံ့ဝန်ထမ်းများသည် နိုင်ငံ့တာဝန်ကို မကြောင့်မကြ စိတ်အေးချမ်းသာစွာ စွမ်းဆောင်နိုင်သော အင်အားစုကြီး ဖြစ်စေရန် ကူညီသွားမည်။ နိုင်ငံတော်က ချမှတ်ထားသော နိုင်ငံဝန်ထမ်းများသည် ပါတီနိုင်ငံရေး ကင်းရှင်းရမည် ဟူသော စည်းကမ်းနှင့်အညီ ၀န်ထမ်းများအား မည်သည့်ပါတီကမျှ ခုံတုံးလုပ်ခြင်း၊ အသုံးချခြင်း၊ ခြယ်လှယ်ခြင်း မရှိစေရန် ကာကွယ် စောင့်ထိန်းမည်။ ၀န်ထမ်းထုအတွင်း စည်းလုံးညီညွတ်မှု အပြည့်အ၀ရရှိပြီး ၀န်ထမ်းဘ၀ သာယာရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ အငြိမ်းစားယူချိန်တွင် စားဝတ်နေရေး၊ အဆင်ပြေစွာ ရပ်တည်နိုင်ရေးတို့အတွက် တတ်နိုင်သည့်ဘက်မှ ဥပဒေနှင့်အညီ အကူအညီများ ပေးသွားမည်။
စတုတ္ထမဏ္ဍိုင်စာနယ်ဇင်းနှင့်ပတ်သက်သော သဘောထား။ ဒီမိုကရေစီစနစ် အောင်မြင်ရေးအတွက် ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးနှင့် စာနယ်ဇင်းတည်းဟူသော မဏ္ဍိုင်ကြီး (၄)ရပ်တို့၏ ဆောင်ရွက်မှုများ တည့်မတ်မှန်ကန်ရန်၊ အပြန်အလှန် ထိန်းကျောင်းဆောင်ရွက်ရန် လိုအပ်သည်ဟု ခံယူသည်။ သို့ပါ၍ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးမဏ္ဍိုင်(၃)ရပ် တည့်မတ် မှန်ကန်အောင် ဆောင်ရွက်မည့်အပြင် စတုတ္ထမဏ္ဍိုင် စာနယ်ဇင်းအနေဖြင့် ၄င်းခက်မ (၃)ဖြာ တည့်မတ် မှန်ကန်အောင် ထိန်းကျောင်းပေးနိုင်စေရေး အတွက် ကြိုးပမ်းပျိုးထောင်သွားမည်။
အနုပညာရှင်များနှင့် ပတ်သက်သော သဘောထား။ ပါတီသည် မြန်မာနိုင်ငံရှိ စာပေပညာရှင်၊ ဂီတပညာရှင်၊ သဘင်ပညာရှင်၊ ရုပ်ရှင်ပညာရှင်နှင့် ရိုးရာပန်းပညာရှင်အပါအ၀င် အနုပညာရှင်များ၏ နိုင်ငံတော် တည်ဆောက်ရေးတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်မှုကို အလေးအနက် အသိအမှတ်ပြုသည်။ အနုပညာရှင်များသည် အမျိုးသားရေး စရိုက်လက္ခဏာများ ထိန်းသိမ်းရေး၊ ရိုးရာယဉ်ကျေးမှု အမွေအနှစ်များ ထိန်းသိမ်းရေး၊ မျိုးချစ်စိတ် ပြည်ထောင်စုစိတ်ဓာတ် ထိန်းသိမ်းရေးအပြင် မွန်မြတ်သော ဗြဟ္မစိုရ်တရားများ ထွန်းကားရေးအတွက် အနုပညာဖြင့် စည်းရုံးနိုင်စွမ်းရှိပေရာ ထိုအနုပညာရှင်များဘ၀ ပွင့်လန်း ဖွံ့ဖြိုးတိုးတက်စေရန် အဘက်ဘက်မှ ကူညီအားပေးသွားမည်။ ထို့ပြင် အနုပညာရှင်များအား ပါတီကို ထောက်ခံသူများအဖြစ် အလေးအနက်ထား စည်းရုံးသွားမည်။ အနုပညာရှင်များ၏ မူပိုင်ခွင့်များ ကာကွယ်ရေးကိုလည်း ကူညီအားပေးသွားမည်။ အနုပညာရှင်များ၏ အနုပညာမြောက်လက်ရာများ နိုင်ငံတကာသို့ ပျံ့နှံ့ရေးအတွက် ခေတ်မီ ဆက်သွယ်ရေး နည်းလမ်းများကို အသုံးပြု ဆောင်ရွက်ပေးမည်။ အနုပညာရှင်များ၏ စားဝတ်နေရေး၊ လူမှုရေး အဆင့်အတန်း မြင့်မားတိုးတက်စေရေး ကူညီအားပေးသွားမည်။ အနုပညာရှင်များ ခေတ်မီနည်းပညာများ သုံးစွဲနိုင်ရေးကိုလည်း မြှင့်တင်ကူညီ အားပေးသွားမည်။
တိုင်းရင်းသား စီးပွားရေး လုပ်ငန်းရှင်များနှင့် ပတ်သက်သော သဘောထား။ တိုင်းရင်းသား စီးပွားရေး လုပ်ငန်းရှင်များသည် အမျိုးသား စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုတွင် အရေးပါသော ကဏ္ဍမှ ပါဝင်လျက်ရှိသည်ကို အသိအမှတ်ပြုသည်။ တိုင်းရင်းသား စီးပွားရေး လုပ်ငန်းရှင်များ လိုအပ်သော အရင်းအနှီး၊ အတတ်ပညာ၊ ဈေးကွက် ရရှိရေး၊ ဥပဒေအကာအကွယ် ရရှိရေးတို့ကို ကူညီဖြည့်ဆည်း ဆောင်ရွက်သွားမည်။ တိုင်းရင်းသား စီးပွားရေး လုပ်ငန်းရှင်များကို လက်ဝါးကြီးအုပ် အရင်းရှင်ကြီးများ၏ ၀ါးမျိုခြင်းမခံရရေးအတွက် ကာကွယ်မှုပြုသွားမည် တိုင်းရင်းသား စီးပွားရေး လုပ်ငန်းရှင်များအား ခေတ်နှင့်အညီ အရည်အသွေးမြင့် ကုန်ပစ္စည်းထုတ်လုပ်မှုများ၊ ၀န်ဆောင်မှုများ ပေးနိုင်ရေးအတွက် လိုအပ်ချက်များကို မိတ်ဆွေနိုင်ငံများ၏ ကူညီပူးပေါင်း ဆောင်ရွက်မှုဖြင့် အပြန်အလှန် နှစ်ဦးနှစ်ဖက် အကျိုးဖြစ်ထွန်းစေရန် စီစဉ်ဆောင်ရွက်မည်။ တိုင်းရင်းသား စီးပွားရေး လုပ်ငန်းရှင်များ၏ နိုင်ငံအကျိုးပြု ပညာရေး၊ ကျန်းမာရေး၊ အားကစား စသည့် အကူအညီပေးလိုမှုများကို ကြိုဆို၍ ထိရောက်စွာ အကူအညီပေးနိုင်ရေးအတွက် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်သွားမည်။
ဘာသာရေးဆိုင်ရာ သဘောထား။ လူသားအားလုံး မိမိတို့ သက်ဝင်ယုံကြည်အားထားရာ ဘာသာတစ်ခုခုကို ကိုးကွယ်ဆည်းကပ်ကြမြဲဖြစ်သည်။ ဘာသာရေး လွတ်လပ်ခွင့်နှင့် ပတ်သက်၍ တတ်စွမ်းသမျှ ကူညီအားပေးသွားမည်။ ဘာသာရေးကို နိုင်ငံရေးအတွက် အလွဲသုံးစားပြုလုပ်ခြင်းမှ ရှောင်ကြဉ်သွားမည်။ လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခ ဖြစ်ပေါ်စေနိုင်သော ရေးသားမှု၊ ဟောပြောမှု၊ စည်းရုံးမှုများ ပြုလုပ်ခြင်းမှ ရှောင်ကြဉ်သွားမည်။ မိမိတို့ ယုံကြည်ရာ ဘာသာအား လွတ်လပ်စွာ ကိုးကွယ်ခွင့် ရှိစေရေးကိုလည်း ဆက်လက်အားပေး ကူညီသွားမည်။