ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး အား ဂျပန်နိုင်ငံ သံအမတ်ကြီး H.E Mr. Mikio NUMATA လာရောက်တွေ့ဆုံ
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး အား ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဆိုင်ရာ ဂျပန်နိုင်ငံ သံအမတ် ကြီးအဖြစ် အသစ် ခန့်အပ်ခြင်းခံရသော H.E Mr.Mikio NUMATA သည် ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလ (၂၈) ရက်နေ့ နံနက်ပိုင်း (၁၁) နာရီအချိန် တွင် နေပြည်တော်ရှိ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဌာနချုပ်ရုံး ဧည့်ခန်းမသို့ လာရောက်တွေ့ဆုံသည်။
ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦး နှင့် ဂျပန်နိုင်ငံ သံအမတ်ကြီး H.E Mr. Mikio NUMATA တို့ မှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူးစဉ်
တွေ့ဆုံရာတွင် ပါတီဒုတိယဥက္ကဋ္ဌ ဦးဌေးဦးနှင့်အတူ ဗဟိုအလုပ်အမှုဆောင် ဦးစိုးနိုင်နှင့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဌာနချုပ်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ပြီး ဂျပန်သံအမတ်ကြီး H.E Mr. Mikio NUMATA နှင့် ဂျပန်သံရုံးမှ သံမှူးကြီး Mr. Ichiro MARUYAMA တို့ တက်ရောက်ကြသည်။
ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံ၌ ပါတီစုံ ဒီမိုကရေစီစနစ် ရှင်သန်ခိုင်မာအောင် ကြိုးပမ်းဆောင်ရွက်မှု အခြေအနေ ဂျပန်-မြန်မာ ချစ်ကြည်ရင်းနှီးမှု၊ ပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးတက် ခိုင်မာရေးနှင့် ပတ်သက်၍ ပိုမိုပူးပေါင်းဆောင်ရွက်နိုင်မည့် အလားအလာများကို ခင်မင်ရင်းနှီးစွာ ဆွေးနွေး ကြသည်။
တွေ့ဆုံပွဲ အပြီးတွင် ပါတီဒုတိယဥက္ကဋ္ဌ ဦးဌေးဦးက ဂျပန်နိုင်ငံ သံအမတ်ကြီး H.E Mr. Mikio NUMATA အား အမှတ်တရ လက်ဆောင်ပစ္စည်းပေး အပ်ပြီး မှတ်တမ်းတင်ဓါတ်ပုံများ ရိုက်ကူးကြောင်း သတင်းရရှိသည်။